တစ်နှစ်လုံး စာမေးပွဲတွေ အလုပ်တွေများနေတာနဲ့ ကိုယ်ပိုင်အချိန်ပျောက်တဲ့နှစ်လို့တောင်ပြောလို့ရတယ်
အချိန်အခါ
ဒီနှစ်က ဖြစ်လာခဲ့တဲ့ အရာတွေကခန့်မှန်းလို့မရ အောင်ကိုများလွန်းတဲ့နှစ်ပဲ။ အောင်မယ်ထင်ထားတဲ့ စာမေးပွဲ က မအောင်ဘူး။ မအောင်ဘူးထင်ထားတဲ့ စာမေးပွဲက အောင်သွားတယ်။ တစ်ယောက်ထဲ မိုးကွက်ရွာတဲ့ အဖြစ်နဲ့ ကျောင်းဆက်တတ်နေရတယ်။ မတတ်ချင်တော့ဘူးလားဆိုတော့လဲ မဟုတ်ဘူး။ တတ်ချင်တယ်လည်းမဟုတ်ဘူး။ ကိုယ့်ဘာသာတောင် ဘာလုပ်နေမှန်း မသိတဲ့အချိန်တွေက တော်တော်များလာတယ်။ တစ်ခါတစ်လေ ဘာတွေ တွေးလို့တွေးနေမှန်းတောင် မသိဘူး ဖြစ်သွားတယ်(ကောင်းရော) နောက်ပိုင်း တစ်ယောက်တည်းအတွေးမလွန်အောင်တော့နေရမှာပဲ။ အချိန်တွေကုန်တာမြန်တယ်ဆိုတာ ဒီနှစ်မှာတကယ်သိသာလာတယ်။ အခု Third year တတ်နေရတဲ့ အခန်းက ကိုယ် first year တုန်းက တတ်ခဲ့တဲ့အခန်းဆိုတော့ စာသင်နေရင်းနဲ့ first year တုန်းက ကြောင်တောင်တောင်တွေးခဲ့တာတွေ၊ ဆရာမတွေကို မလောက်လေး မလောက်စား ပညာလေးနဲ့ ပညာစမ်းခဲ့တာတွေ၊ အဲ့ဒီတုန်းကတော့ လေ့လာချင်တဲ့စိတ်ကတော်တော်ပြင်းပြနေတဲ့ အချိန်ဆိုတော့ ညဆိုမအိပ်ပဲ course တွေကြည့် ကျောင်းစာသေချာလိုက်မလုပ်၊ စာမေးပွဲဖြေဖို့ နှစ်ရက်အလို coffee ဆိုင်သွား :P ဒါတွေက ပြန်ပြောနေရင်တော့ မနေ့တစ်နေ့ကလို လို့ထင်ရပေမဲ့ တကယ်တမ်းက ၂နှစ်ကျော်ကျော်လောက်ကြာခဲ့ပါပြီ။
အပေါင်းအသင်း
ဒီနှစ်အတွင်း မိတ်ဆွေ အသစ်တွေရလား ဆိုတော့ ..... ကိုယ့်အရည်အချင်းတိုင်းပဲ နိုးပါ။ ပိုဆိုးတာက တစ်ယောက်ထဲ အတန်းထဲမှာ သွားထိုင်နေရတာပဲ။ ဒါပေမဲ့လည်း အားနည်းချက်ကိုက ဘယ့်သူနဲ့မှ စကားမပြောဘဲနဲ့နေ ဆို ၂နှစ်လောက်ကတော့ အေးဆေးရတယ် :P ။ ဒီလောက်ကတော့ ရင်တောင်မခုန်ဘူး။
တာဝန်ယူမှု၊ အလုပ်အကိုင်
ဒီနှစ်မှာတော့ အရင်နှစ်ကနဲ့ မတူအောင် update တွေကို အချိန်မှီ delivery လုပ်ပေးနိုင်လာတယ်။ သေချာတာကတော့ သူများဆီမှာအလုပ်မလုပ်ချင်တာပဲ။ အခုကတော့ work experience ရအောင်ရယ် ကိုယ်တိုင်ကလည်း ကိုယ့်မွေးစားသားသမီးလိုဖြစ်နေတဲ့ app တွေကို ဂရုစိုက်ချင်တာနဲ့ အလုပ်လုပ်ရတာ ပျော်လားလို့မေးရင် ကျောင်းတတ်ရတာထက်တော့ပျော်ပါတယ်။
အလုပ်နဲ့ မတူတဲ့အလုပ်
အလုပ်နဲ့မတူတဲ့အလုပ်ဆိုလို့ အလုပ်မဟုတ်တာကိုပြောနေတာ မဟုတ်ပါဘူး။ အလုပ်လုပ်နေပေမဲ့ လုပ်နေတာမှန်းမထင်ရတဲ့ အလုပ်ပါ။ တစ်မျိုးပြောရရင် ဝါသနာပေါ့။ ကိုယ် Freelance လုပ်တဲ့ ရုံးမှာ အားအကျရဆုံး team ဆိုရင် designer team လို့ပြောလို့ရတယ်။ team ထဲမှာတော့ Boss ကို အတင်းပြောတဲ့လူတို့ Company ကို မကောင်းပြောတဲ့လူတွေတော့ရှိတာပေါ့။ ဒါကလည်းထုံးစံပဲလေ။ ကိုယ်တိုင်လည်း လုပ်ငန်းတစ်ခုကိုစလုပ်တဲ့ အခါ အလုပ်နဲ့မတူတဲ့ ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးနိုင်အောင် တော့ကြိုးစားရမယ်။
အသုံး အဖြုန်း
ဒီနှစ်အတွင်း ကျောင်းပြီးရင်အလုပ်စ လုပ်ဖို့ စုမိလားဆိုတော့.... မစုမိတာတော့အမှန်ပဲ။ ဒီကြားထဲ ခင်လို့ချေးလိုက်တာတွေ အိပ်စိုက်တာတွေပါများလာတော့ budget တော်တော်ထိလာတယ်။ ပိုဆိုးတာက မအားတဲ့ ကြားက games တွေဝယ်ပလိုက်တာပဲ။ တချို့ game တွေဆိုရင် ဆော့ဖို့မပြောနဲ့ ဖွင့်တောင်မကြည့်ရသေးဘူး။ နောက်နှစ်တော့ အတတ်နိုင်ဆုံးစုမိဆောင်းမိအောင်တော့ ကြိုးစားရမယ်။
မိသားစု
ဒီနှစ်မှာတော့ အကြီးမားဆုံး အပြောင်းအလဲကတော့ မိသားစုကိုအချိန်ပိုပေးဖြစ်တာပဲ။ အရှင်းဆုံး ပြောရရင် အရင်ထက် စကားပိုပြောဖြစ်လာတယ်။
ငြိမ်းချမ်းရေး
ဒီနှစ်ကုန်ပိုင်းကနေစပြီးတော့ ဆရာမတွေကို အတိုက်အခံ မလုပ်တော့ဘူး။ လုပ်ချင်စိတ်လည်းမရှိတော့ပါဘူး။ တကယ်တမ်းက ဒီမိုကရေစီနိုင်ငံဆိုရင် ဆန္ဒပြပွဲလေးတွေရှိမှ စိုစိုပြေပြေရှိသလို စာသင်ခန်းဆိုတာ လည်း နည်းနည်းလည်းတော့ အတိုက်အခံလေး ရှိမှ ပြောစရာကောင်းတာတော့ အမှန်ပဲ။ ဒီနှစ်မှာတော့ ကိုယ့်ပါတီဝင်တွေ မရှိတော့တာရယ် အတိုက်အခံ ပါတီက အင်းအားများနေတာနဲ့ အတိုက်အခံမလုပ်တော့ပါဘူး။ :P

Comments
Post a Comment