Skip to main content

All about 2023 in one post

စာမရေးတာတောင် တစ်နှစ်တိတိပြည့်ပြီပဲ။ နှစ်ကုန်ခံနီးမှ year end review လေးလုပ်မယ်ဆိုမှ ဖုန်တတ်နေတဲ့ blog ကိုပြန်ရောက်လာဖြစ်တယ်။


အချိန်အခါ

တစ်နှစ်လုံး အလုပ်တွေဆက်တိုက်လုပ် မလိုတာမတွေးမိအောင် အချိန်ကို အပြည့် အလုပ်တွေစီစဉ်ထားပြီးတော့ နှစ်ကုန်မှသိလာတာ အသက်ရလာလေ အချိန်ကပိုပြီးတော့ အကန့်အသက်များလာလေဆိုတာပဲ။ အရင်တုန်းကလို ဒီ course တစ်ခုကို တစ်ပတ်နဲ့ကြည့်လိုက်မယ်လို့မရတော့ဘူး။ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အိမ်တွင်းရေး၊ နိုင်ငံရေး စတဲ့ အရေးပေါင်းများစွာကို ဦးစားပေးချင့်ချိန်ပြီးတော့ အရေးပေးလာရတယ်။ 


လေ့လာသင်ယူမှု

တစ်နှစ်လုံး မသိရင် နောက်ဘဝအတွက်ပါ ဥစ္စာတွေရှာဖွေနေသလို သဲကြီးမဲကြီး အလုပ်လုပ်နေတာနဲ့ ဘာဆိုဘာမှ မလေ့လာဖြစ်ဘူး။ ဖြစ်ဖြစ်မြောက်မြောက်လုပ်ဖြစ်တာဆိုလို့ leetcode က commitment လေးရယ်၊ Duolingo ရယ်ပဲကျန်တယ်။ ဒါတောင် မနေ့ကပဲ leetcode က hard problem တစ်ခုကို အချိန်မှီမရှင်းနိုင်တာနဲ့ streak တွေအကုန် reset ဖြစ်သွားတယ်။ တစ်ခုသိလိုက်မိတာကတော့ နံပါတ်တွေက ဘဝမှာ အဆုံးမရှိဘူးဆိုတာပဲ။ အကန့်အသက်ရှိတာဆိုလို့ လက်ရှိရထားတဲ့ ဘဝ အချိန်အပိုင်းအခြားပဲရှိတာ။ ထူးထူးခြားခြား ဖြစ်ဖြစ်မြောက်မြောက်တိုးတတ်မှုဆိုလို့ လူဝင်ဆန့်အောင် စကားပြောတတ်လာတယ်လို့ပဲဆိုရမယ်။ နောက်တစ်ခုသတိထားမိတာက ဒီနှစ်မှာဖတ်ဖြစ်တဲ့စာအုပ်တွေကထူးထူးဆန်းဆန်း နည်းပညာစာအုပ်တွေမဟုတ်တော့ပဲ ငွေကြေးစီမံခန့်ခွဲမှုနဲ့သက်ဆိုင်တာတွေဖြစ်လာတယ်။

ရှင်သန်မှု

တစ်နှစ်လုံးစက်ရုပ်တစ်ရုပ်လိုအလုပ်လုပ်လာပြီးတော့ နှစ်ကုန်ပိုင်းလောက်မှာ ဘဝကို အဓိပ္ပာယ် ရှိအောင်လုပ်ဆောင်ပေးမဲ့သူတစ်ယောက်နဲ့ တွေ့ဖြစ်တယ်။ ဖြစ်သမျှအကြောင်းအကောင်းပဲမှတ်ဆိုသလိုဖြစ်ပြီးတာတွေကိုပြန်ပြီးတော့ တွေးပြီးဆွေးမနေချင်တော့ဘူး။ ဒီနှစ်လယ်လောက်မှာ အကြောင်းထူးပြီးတော့ relocate ဖြစ်သွားတယ်။ အဲ့လိုနဲ့ပဲ အသွားအပြန်လုပ်တာတွေနဲ့ပဲ လေယာဉ်ဖိုးတွေကုန်ပါလေရော။

ရေရှည်နေထိုင်မှု

အလုပ် အလုပ် ဆိုပြီးတော့ ခဏ ခဏ relocate နေတာကလည်းအဖြေတော့မဟုတ်ဘူး။ တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုသလို ခဏခဏပြောင်းနေတော့ လေယာဉ်ခတွေကုန်တာပေါ့လို့။ နောက်နှစ်ပိုင်းတော့ လျှောက်သွားမနေပဲ တစ်နေရာရာမှာအခြေချဖြစ်အောင်တော့ စီစဉ်ရမယ်။

နှစ်သစ် Plan

၂၀၂၄ မှာတော့ အပိုအလုပ်တွေမလုပ်ပဲနဲ့ ကိုယ်ပိုင်အချိန်လေးရအောင်လုပ်ဖြစ်ရင်ပဲ တော်တော်လေးကို အဆင်ပြေပါပြီ။ အားလုံးပဲ စိတ်ကျမ်းမာ ကိုယ်ချမ်းသာနဲ့ နှစ်သစ်အခါသမယလေးကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းရင် Happy new year ပါ

Comments