နှစ်စ ပထမ ၄-၅ လ အတွင်းမှာပဲလုပ်နေတဲ့အလုပ်က engineers တွေကို singapore မှာမထားတော့ပဲအကုန်လုံးကို india ရွေ့တော့မယ်ဆိုလို့ အလုပ်ပြုတ်သွားပြီးအလုပ်ပြန်ရှာတာနဲ့ တစ်နှစ်လုံး ဘဝမှာပထမဆုံး မထင်မှတ်ထားတဲ့ ကမောက်ကမနှစ်ကိုရောက်လို့ ၂၀၂၅ အကြောင်းပါအခုမှရေးဖြစ်တယ်။
အချိန်
အမြဲတမ်းရေးနေကြဆို အချိန်အခါလို့ရေးလေးရှိပေမဲ့ ဒီနှစ်ကတော့ အချိန်တွေကို မျှော်လင့်ထားသလိုသူ့အခါနဲ့သူမဖြစ်တာမို့အချိန်လို့ပဲ ခေါင်းစဉ်ခွဲလိုက်တယ်။ လူတွေက လက်ရှိ ရှိနေတဲ့နည်းပညာထုတ်ကုန်တွေကိုသုံးပြီးတော့ အာရုံစိုက်မှုတွေကနည်းလာတော့ စာဖတ်တဲ့လူကလည်းသိသိသာသာနည်းလာသလို ကျွန်တော်ကိုယ်တိုင်လည်း စာရေးရတာတော်တော်အားထုတ်ရေးရသလိုဖြစ်သွားတယ်။ AI တွေကလည်း improvement က လွန်ခဲ့တဲ့နှစ်တွေရဲ့ product တိုးတတ်မှုကိုကြည့်ရင် ရုတ်တရက်မြင်းလှည်းတွေခေတ်ကနေ ခေတ်တွေကိုကျော်ပြီးတော့ ကျည်ဆံရထားခေတ်ကိုတန်းရောက်သလိုဖြစ်သွားတယ်။
တိုးတတ်မှု
အလုပ်ပြုတ်တဲ့နှစ်ဆိုတော့ ထုံးစံအတိုင်း လေ့လာသင်ယူမှုနည်းတယ်ထင်ပြီးနှစ်ကုန်ပိုင်းမှာစွတ်ပြီး စာမေးပွဲတွေဖြေရင်း
Kubestronaut ဖြစ်သွားပါလေရော။ စွတ်ဖြေတာမှ တကယ် new year အချိန်ကြီးကိုမှ ကျွန်တော်က နောက်ဆုံး certification အတွက်ဖြေနေတဲ့အချိန်ဖြစ်နေရော။ အလုပ်ကလည်း တစ်ခုထည်းရှိတယ်ဆိုပြီးတွေးပြီး project သေးသေးလေးတွေလုပ်ရင် နောက်ဆုံး လူပင်ပန်းတာပဲအဖတ်တင်သလိုဖြစ်သွားတယ်။ ဒီရက်ပိုင်းပိုပြီးစဉ်းစားမိတာက လူ့သက်တမ်းမှာ သာမန် အလုပ်အချိန်က နှစ် ၄၀ ဆိုတော့ အဲ့နှစ် ၄၀ အတွင်း ဘယ်သူ့ကတာဝန်ရှိလိုဆိုပြီး ခဏခဏစဉ်းစားမိတယ်။
ဘဝ
ဒီနှစ်လည်း အစကတော့ ဘယ်မှ relocate မလုပ်တော့ပဲ ကျွန်းပိစီကွေးလေးမှာအခြေချမယ်ဆိုကာမှအလုပ်ကပြုတ်သွားတော့ အလုပ်ကပြန်ရှာတဲ့အချိန်က အကုန်လုံးက hiring freeze ထားတဲ့အချိန်ဖြစ်နေရော အဲ့ဒါနဲ့ ဒီကျွန်းပိစိကွေးမှာရှာရင်မဖြစ်တော့ဘူးဆိုတာသိပြီးတော့ ကမ္ဘာပတ်ပြီးအလုပ်ရှာပုံတော်ဖွင့်ရပါလေရော။ နောက်ဆုံးလျှောက်လွှာပေါင်း တစ်ထောင်ကျော်လောက်တင်ပြီးမှ offer ၂ ခုရပြီး တစ်ခုက contract ဖြစ်နေတာနဲ့ permanent ဖြစ်တာကိုပဲရွေးဖြစ်သွားတယ်။ အလုပ်ပြုတ်သွားတာက ဘဝကို reset ချလိုက်သလိုပဲ ကိုယ်ယုံကြည့်ထားတာရဲ့တစ်ဝက်လောက်ကို မယုံသလိုလိုပြန်ဖြစ်လာတယ်။ အဆိုးထဲကအကောင်းကတော့ လက်တွဲဖော်က ထွက်မသွားပဲဘေးကနေ အကုန်ထောက်ပံ့ပေးတော့ ကံကောင်းတယ်ပဲပြောရမှာပေါ့။
စိတ်အနေအထား
ဒီတစ်နှစ်လုံး သတိကြီးကြီးထားပြီးတော့ နှစ်ဝက်ကျော်လောက်ကိုဖြတ်သန်းလိုက်ရတော့ ကိုယ့်ရဲ့ mental age က bio age ထက် ၁၀ နှစ်လောက်ပိုကြီးသွားတယ်လို့တောင်ပြောလို့ရတယ်။ ဖြစ်သမျှအကြောင်းအကောင်းပဲမှတ်ပြီးတော့ အခုတော့ ပြန်အခြေကျအောင်ကြိုးနေရင်နဲ့ပဲ ၂၀၂၆ ကို ဖြတ်သန်းရမှာပဲ။
Comments
Post a Comment